Wednesday, June 23, 2010

သို့ . . . ကမ္ဘာမြေ

သို့ . . . ကမ္ဘာမြေ

သို့ . . . ကမ္ဘာမြေ

သင်နေကောင်းရဲ့လား

ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြားမှာ

သင့်အသက်ရှူသံတွေ ပါးဖျော့သွားသလိုပဲ

ကျန်းမာရေးကိုဂရုစိုက်ပါကမ္ဘာမြေ။

သင်ဝတ်ထားတဲ့ အင်္ကျီက

ဆွေးရိပြဲကျနေပြီ

အဲဒါ ဖာထေးဖို့တော်တော်ခက်တယ်

ခုထိလည်း ဘာအပ်နဲ့ချုပ်ရမလဲမသိသေးဘူး

သင့်ကိုယ်ပူချိန်က တော်တော်မြင့်နေပြီကမ္ဘာမြေ

ဆေးခန်းလေးဘာလေးလည်းပြပါဦး

ဆေးသောက်သင့်လည်းသောက် ဆေးထိုးသင့်လည်းထိုးပေါ့။

သင့်အသားအရည်ဟာ အရင်လိုမစိမ်းလန်းတော့ဘူး

တဖြည်းဖြည်းနဲ့ ကန္တာရဆန်လာတယ်

သင့်ကိုယ်ထဲကသွေးတွေလည်း တဖြည်းဖြည်းခန်းခြောက်လာတယ်ကမ္ဘာမြေ

သင်အအေးမိနေသလား ။

ဖြစ်နိုင်တာပေါ့

သင့်ကိုယ်ထဲကပိုးမွှားတွေက သစ္စာမရှိကြဘူးလေ

အစာအဟာရ မျှတအောင်စားပါကမ္ဘာမြေ။

နွေးနွေးထွေးထွေးနေပါ ကျန်းမာရေးလိုက်စားပါ အိပ်ရေး၀၀အိပ်ပါ

ကျန်းမာရေးကိုဂရုစိုက်ပါ ကမ္ဘာမြေ။

သင် . . . နေကောင်းပါစေ။

Sunday, June 6, 2010

အသဲကွဲဖတ်စာ


နာကြည်းမှု အမြစ်တွယ်နေတဲ့

လွင်ပြင်တစ်ခုရဲ့ အသက်ရှူသံအဆုံးမှာ

တိတ်ဆိတ်မှု မလုံမလဲလေးနဲ့ 

နေပူမှာ စောင့်နေတဲ့ သစ္စာတရား ကို

လက်ထိပ်တန်းလန်းနဲ့ တွေ့ လိုက်တယ် ။



ခရမ်းရောင် ပွင့်ဖတ်တွေနဲ့ 

အိပ်ရေးပျက်နေတဲ့ အိပ်မက်တွေကပဲ

အထီးကျန်နေတဲ့ အခန်းအတွက်

ဥယျာဉ်တစ်ခြမ်းစာ ပွင့်ဝေတယ် ။



ဟိုနားက … လျှောက်လမ်းလေးမှာ …

ဝက်သစ်ချပင်ကြီးရဲ့ အောက်မှာ …

မီးလင်းဖို ဘေးနားမှာ …

စံပယ်ရုံလေးဘေးနားမှာ …

(အခု ရှိမနေတော့ဘူး) ။



“သူမ” နှလုံးသားကို

သိုးယောင်ဆောင်ထားတဲ့ လောကဓံက

အသပြာ အသားတံဆိပ် ခပ်နှိပ်သွားတယ် ။



ကြိုးမိန့် ကျနေတဲ့...

ရာသီဥတုတွေက

ဆေးရုံပြတင်းပေါက်တွေရဲ့ မျက်နှာထားမျိုးနဲ့ ...

အစာ မပါတဲ့ ငါးမျှားချိတ်ကိုင်ပြီး

ပြက္ခဒိန်မှာ မနက်ဖြန် ကိုမျှားတယ် ။




ကိုယ့်မှာ....

အိမ်ပြန်ဖို့ သော့မရှိဘူး

အဲ့ဒါနဲ့ …..ဖိနပ်အသစ်ဝယ်စီးလိုက်မိတယ် ။




ရင်ခွင်ရှိန်း

Wednesday, June 2, 2010

ကျနော့်ရဲ့ ခေါင်းစဉ်

အဖေရေ. . .

ခုမှအတောင်ပေါက်တာဆိုပေမယ့်

ပင်လယ်ကိုမှဖြတ်ပျံချင်ခဲ့တာ

သားနည်းနည်းလွန်တာပေါ့ဗျာ။



ဘာပဲဖြစ်ဖြစ်. . .

အတောင်တစ်စုံရဲ့ကျေးဇူးတော်အတွက်

သားကတော့

ပျံပြချင်သေးတယ်အဖေ။



အဖေရယ် . . .

အဖေ့မျက်နှာပေါ်ကအရေးအကြောင်းကို

ရှေးဟောင်းကျောက်စာတစ်ချပ်ဖတ်ရသလိုမျိုး

နားမလည်တတ်ခဲ့တာ

သားဝန်ခံပါတယ်။



အဖေစဉ်းစားကြည့်ပါ

ကိုယ်ပိုင်အလင်းထက်ပိုပြီး

ဘယ်တစ်စုံတစ်ရာကမှ

မီးစုန်းတောက်မပြနိုင်ဘူးမဟုတ်လား။

လက်မထောင်ပြီးး

ခေါင်းငြိမ့်ပြပါအဖေ

သားဆက်မိုက်ပါရစေ

သမုဒ္ဒရာတွေဘယ်လောက်နက်သလဲဆိုတာ

သားမှမသိရသေးတာ။



ဒါတော့ဒါပေါ့အဖေရယ်

ချော်မလဲပဲလမ်းလျှောက်တတ်ရင်

အနာရွတ်ဘယ်ထင်ပါ့မလဲ

ဒီတစ်ခါလည်း ပြုံးပြုံးလေးကြည့်နေပေးပါအဖေ။



မလိမ္မာရင်

တစ်ခါပဲမိုက်တယ်အဖေ

လိမ္မာသွားရင်တော့

အခါခါမိုက်တတ်လာတယ်။



တစ်ခုတော့ရှိတာပေါ့ဗျာ

ကျနော်ဆိုတဲ့ခပ်ညစ်ညစ်စာတစ်ရွက်မှာ

အဖောဟာခေါင်းစဉ်တစ်ခုပါပဲအဖေ

ဒီတစ်ခုတော့

သေချာပါတယ် အဖေ ။ ။