Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Tuesday, May 18, 2010

ကျနော် မ၀တ်ဖြစ်သေးတဲ့ စွပ်ကျယ်လေး

ကျနော် မ၀တ်ဖြစ်သေးတဲ့ စွပ်ကျယ်လေး

အရိုးသားဆုံး စကားဆန်းတွေနဲ့………………………………………………….

အိပ်မက်ကိုရေလောင်းပေါင်းသင်ရမှာတောင် အဆင်မပြေတဲ့ကောင်မှာ..ချစ်သူကိုချစ်တယ်လို့ ပြောဖို့ ၊ဆိုဖို့ထက် “မင်းကိုငါ ရက်စက်ခွင့်ပြုပါတယ် ချစ်သူ” လို့ အံသာတွင်တွင်ကြိတ်နေခဲ့တဲ့ကောင်ပေါ့။

ဟုတ်တယ် ချစ်သူ ငါဆိုတဲ့ကောင်က နင့်လှောင်ရယ်သံကိုမှစွဲလန်းတပ်မက် ခဲ့တဲ့ကောင်။ဘာမဆိုင်

ညာမဆိုင်လာပေါက်တဲ့ အလေ့ကျပေါက်ပင်တစ်ပင်လို ကြမ္မာဝိဘတ်တက်လာလို့ လူလာဖြစ်ရတဲ့အထဲ

ဒုက္ခကိုအသက်နဲ့လဲပြီး နင့်ကိုချစ်ျပြချင်သေးသတဲ့လေ………………………..

တငွေ့ငွေ့………(နွေ)

ညှိုးလောက် ၊နွမ်းလောက်အောင်

ပူခဲ့မယ်ဆိုခဲ့ရင်

ခြွေဖို့ ၊ ကြွေဖို့ပါ

လေပြင်းကိုခေါ်ခဲ့…..။

အသက်ရှင်ရပ်တည်မှု အတွက်…………………………………………………..

မင်းဘာစားသလဲမေးရင် ကျုပ်ကစာတွေ ၊ ကဗျာတွေစားတယ်။အရှက်တရားလုံဖို့ မင်းဘာဝတ်သလဲမေးရင် ကျုပ်က ကိုယ်ကျင့်တရားကိုဝတ်မယ်။ဂုဏ်သိက္ခာအတွက် ဘာတွေဆင်ယင်သလဲမေးရင်….အနုပညာမာနတရားကိုပဲဆင်ယင်ခဲ့။ကဲ……………………

ဒီလောက်ဆင်းရဲတွင်းနက်ချင်တဲ့ ကဗျာဝါသနာရှင်ပေါက်စလေးက နင့်အတွက် ဘာများမြူဆွယ်နိုင်မှာတဲ့လဲကွယ်။တစ်ခါတစ်လေ ညဥ့်နက်ရင်များ…အသက်ကိုခပ်ပြင်းပြင်းရှုပြီး

နင့်မျက်နှာညိုညိုလေးကို နင့်နင့်သီးသီး မော်ဖူးတယ်။ ဒါတွေနင်သိစရာမှမလိုအပ်တာ။ ငါ့ဘာသာတရားတွေနဲ့ နင့်ကိုမေတ္တာပို့ ဆုတောင်းပေးမယ်။ နင်မသိလိုက်ဘာသာနဲ့ လက်ခံယူ ဒါဆိုပြီးတာပေါ့ကွယ်။

ဒီလောကကြီးထဲမှာ………………………………………………………………..

လူဆိုတဲ့သတ္တ၀ါတွေပဲ ကိုယ့်ကြိုးနဲ့ကိုယ်ရှုပ်ခွင့်ရတာ ။ဘယ်သတ္တ၀ါမှကြိုးမကျစ်တတ်ကြပါဘူးကွယ်။

(ပင့်ကူတွေသာ အိမ်ဆောက်၊သားကောင်ဖမ်းတာ ချွင်းချက်)ကိုယ့်တ၀မ်းတခါးအတွက် ဖိနပ်နဲ့ နင်းထားတဲ့ သြကာသထဲ နစ်လိုက် ၊ မြုတ်လိုက် နဲ့ကမ်းပြန်မတက်နိုင်သူတွေပါ။ငါနင့်ကိုချစ်တာ

လူသားဆန်ဆန်ဆိုတာထက် နင်ဆိုတဲ့ လူသတ္တ၀ါမလေးကို မေတ္တာရှေ့ထားပြီးချစ်တာ။ ကဲ…………

ငါ့စကားမှာ ဖြားယောင်းမှုတွေပါမတဲ့လား။သွားပါ ပုံစံတူကူးယူမှုတွေနဲ့ လူ့ဘောင်အနားသတ်ကို ဘာတွေနဲ့စံတင်ထားကြသလဲ။ရွှေ ၊ငွေ ၊မျိုးရိုး ၊ဗီဇ ၊ဂုဏ်သိက္ခာ ၊အဆင့်အတန်း ၊အလုပ် ၊ရာထူး

အလိုရမ္မက်တွေနဲ့အရောင်တူ အတ္တတူညီဝတ်စုံတွေကို မက်မောသလားကွဲ့..(ဆောရီးငါ့စကား ရိုင်းတယ်ထင်ပ….ခက်၏ ဒီလိုပဲပြောတတ်ပါရဲ့)

ဆိုပါတော့…………………………………………………………………………..

သူတောင်းစားငပျင်းတစ်ကောင်အတွက် ခွက်တစ်လုံးနဲ့ အစားအသောက်ပဲလိုအပ်တယ်။ သူဋ္ဌေးတစ်ယောက်အတွက်ဆို စိန် ရွှေ ငွေ ကားနဲ့တင့်တယ်စရာတွေအပြင် နောင်ဆယ်သက် စားမကုန်တဲ့ အတ္တတွေပဲလိုအပ်တယ်။ကဲ…ငါ့အတွက်ဆိုရင်တော့..သေချာတယ် ကမ္ဘာပေါ်က စာကြည့်တိုက်တွေနဲ့ နင့်ရဲ့လက်တစ်ဖက်ပဲလိုအပ်တယ် ။မင်းအတွက်ဘာလိုအပ်သလဲ……?

ငါ့မှာကဗျာတွေပဲရှိတယ်….။မင်းလိုအပ်ရင် ဒီကဗျာတွေထဲ ၁၉၁၄ခုနှစ်က မေရီဘုရင်မကြီးလုပ်ခိုင်းခဲ့တဲ့

ကိန်းဘရစ်လပ်ဗာ လို့ခေါ်တဲ့သရဖူပါမယ်။နပိုလီယံရဲ့ဓါးရိုးမှာတပ်ခဲ့တဲ့ လူဝီ(၁၆)ဘုရင်ရဲ့ အလေးချိန်

(၁၄၀.၄၆)ကာရတ်ရှိတဲ့ရီဂျင့်ဆိုတဲ့ စိန်တစ်တုံးပါတယ်။မင်းသုံးနန်းသုံးဆိုတဲ့ ရတနာ တွေအပြင်

ဖာယာရီပါမယ်။အိုမီဂါပါမယ်။လိုအပ်ရင် ကမ္ဘာတစ်ခုလုံးမင်းသုံးခွင့်ရှိတယ်။

မြက်ခင်းစိမ်းနဲ့တဲငယ်လေး………………………………………………………………

အဝေးက သီချင်းသံကြားတိုင်း တလွမ်းတမော ဆွေးသီနေရတဲ့ အညတရကောင် ရဲ့ ကဗျာတွေထဲ ဘာနဲ့မှချိန်ဆက်မရတဲ့ နှလုံးသွေးတွေပါတယ် ချစ်သူ။ရွှေခေတ်၊ငွေခေတ်၊အင်တာနက်အိးမေးလ်ခေတ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲမှာ ပေတစ်ရွက်..စာတစ်ပုဒ်လောက်နဲ့ မဖြစ်ညစ်ကျယ်လို့မင်းတွေးရင်

ငဲ့မကြည့်ခွင့်ပါ ပေးတယ်။ငါတတ်တဲ့ မြေကြီးစကားမှာကောင်းကင်အတွက်ဂါထာမန္တာရားတွေမပါခဲ့ဘူး။

လိုရမယ်ရဆောင်ထားခဲ့တဲ့(ဖိနပ်ပြတ်ရင်တွဲဖို့နဲ့)ငါ့လက်နဲ့ငါ့ဥနျှောက်ကို ချိတ်ဆက်ပေးမဲ့ တွယ်ချိတ်

တစ်ချောင်းပဲရှိတယ်။ရင်တစ်ခုလုံးထိုးခွဲဖောက်လှန် လိုအပ်ရင်မင်းအတွက်သင့်တော်ပါမယ်ဆိုတဲ့

လူတကာမီးတိုက်ခဲ့တဲ့ ငါ့နျလုံးသားမီးသွေးခဲလေးတစ်ခဲရှိတယ်။

နင့်ခြေတော်ရင်းမှာခစားဖို့

ရန်သူတွေကိုချေမှုန်းခဲ့တဲ့ကောင်

မော်ဖူးဖို့အတွက်များ

နင့်ခြေဖ၀ါးလေးကို ကြွလိုက်

တစ်ထောင့်တစ်ညထက်ရှည်မဲ့

ဒီသိုးဆောင်းတေးကိုဆိုမယ်

နွေခေါင်ခေါင်ထဲ…………..

နှင်းတို့တခမ်းတနားကြွေစမ်း။

ဒီလိုနဲ့ အတိတ်မှာ………………………………………………………………..

လမ်းမှားခဲ့ပါတယ်။လမ်းများခဲ့ပါတယ်။လမ်းသလားခဲ့ပါတယ်။လူမဆန်တဲ့ပတ်ဝန်းကျင်ကျိန်စာဆိုးတွေကို”တောက်”ခတ် အံကြိတ်ခဲ့ရဘူးတယ်။ခွေးကိုက်ခံရဘူးတယ်။ အသည်းကွဲဘူးတယ်။ အရက်စွဲခဲ့ဘူးတယ်။ထူးမခြားနား ဂျစ်ပစီတစ်ယောက်လိုလမ်းဘေးအိပ်ဘူးတယ်။အခုငါနေတဲ့ ပစ္စုပန်မှာရော..အိမ်ပေါက်စေ့ TVမရှိဘူး၊ စလောင်းမရှိဘူး၊ VCD ၊DVD၊ရေခဲသတ္တာ၊ပန်ကာ၊

ဇိမ်ခံပစ္စည်း စုံလင်အောင်မရှိကြဘူး ချစ်သူ။ ရေမီးအစုံနဲ့လေထီးခုန်နေကြတဲ့ လူတန်းစားမှာ ငါတို့ကပေါင်မုန့်အသိုးတစ်လုံးရဲ့ အနားသားအဖြစ်မှာ ရပ်တည်နေရတုန်းပဲ။

တစ်နေ့ရွှေ ၊တစ်နေ့ငွေ…………………………………………………………

လို့တင်စားဖို့ထက်..တစ်နေ့ငါးသေး ၊ငါးနုတ် ၊တစ်နေ့ဆန်ပြုတ်လို့ဆိုမယ်။တစ်ခါတစ်လေ ရေကူနေရတဲ့

ကပျာကရာ ကဗျာဆရာတစ်ယောက်အဖို့တော့ မင်းကိုပေးနိုင်တာ(ခရမ်း)ဦးချစ်တင်ရွှေဆေးနဲ့ ယပ်ခတ်ထားတဲ့ရေတစ်ခွက်ပဲရှိမယ်။ငါ ဓူဝံကြယ်မခူးနိုင်ဘူး ၊အနောဒတ္တ ရေစင်ခပ်မပေးနိုင်ဘူး ၊

သိကြားမင်း ဖင်ခုထိုင်ထားတဲ့ ပဏ္ဍုကဗ္မလာကျောက်ဖျာ မယူပေးနိုင်ဘူး။ငါ့လက်ကရေးခြစ်လိုက်တဲ့

နှလုံးသွေးကဗျာတစ်ပုဒ်မှာ နင့်ကိုချစ်တဲ့အချစ်တွေပဲ ပါမယ်။သေချာတယ် ဒါတွေမမက်ရင်တော့ မင်းအတွက်စိတ်ဆင်းရဲစရာတွေပဲ ငါ့မှာရှိတယ်။

ငါ့ကဗျာထဲမှာက ဒီလို ချစ်သူရဲ့………………………………………………..

လောကဓံဓါးတွေကိုရယ်သွမ်းသွေးရင်းဒုက္ခလိုက်မုဆိုးတစ်ယောက်၊ပန်းအိပ်မက်တွေမထွန်းတဲ့ ယာတော ၊သူတစ်လူငါတစ်မင်းနဲ့ ၁၀၁ပါးသောပဋိပက္ခတွေ ၊ရေနည်းငါးတွေ ၊ကမ်းပါးပျောက်နေတဲ့

ပင်လယ်နဲ့ မိုးရေချိန်လက်မအလွန်တွေ ၊သောင်နဲ့မြစ်ကျိုးအင်းတွေ ၊သဘာဝ တရားရဲ့ပန်းပွင့်တွေ ၊

ရင်ဘတ်အခါးနဲ့တောကြက်ဟင်းခါးသီး ၊ အမြည်းနည်းနည်းနဲ့ ပါးစပ်များများ ၊ အရာအားလုံးကိုမသိတဲ့

မသိခဲ့တဲ့အရာအားလုံးတွေ ၊ကောက်ကျစ်မှုတွေ ၊စဉ်းလဲမှုတွေလက်ညှိုးထိုးချောက်ချ သစ္စာဖောက်တွေ ၊လမ်းခွဲသွားတဲ့ချစ်သူနဲ့ပခုံးတစ်ဖက်ပေါ်ကလက် ၊နာကျင်ကြေကွဲမှုတွေအားလုံး ငါ့ကဗျာမှာရေလဲ

သုံးတယ်။တိုက်ဆိုင်မှုပါရင် ယူသွားပါချစ်သူ။အခကြေးငွေမဲ့ နင့်အပေါ်ငါ့ရဲ့သိတတ်မှုတွေပါ။

ငါ့ချစ်ခြင်း ငါ့အတ္တတွေနဲ့ဆို……………………………………………………..

နင်ကပန်ထွာဘုရင်မလဲဖြစ်တယ်။ပန်ဒိုရာသတ္တာတစ်လုံးလဲဖြစ်တယ်။ကိုလိုနီခေတ် ဗြိတိသျှအင်ပါယာ၊

ဖာဘုင်ရင်ရဲ့အာဏာ၊ထာဝရဘုရားသခင်၊နောက်ပရိုမီးသီးယက်(စ) ရဲ့သမီးတော်၊မာသာထရီဇာ ၊

ရှာရာပိုဗာ၊ကိတ်ဝင်းစလက်နဲ့ အင်ဂျလီနာဂျိုလီ။နောက်ငါ့နှလုံူးသားကျွန်းနိုင်ငံအတွက် ဟေတီငလျင်

ထို့နောက်………………..ပေါင်းများစွာနဲ့ဘယ်လောက်အဆင်ပြေသလဲကွယ်..။

သတိရပါချစ်သူ………

လူ့ဘောင်လူ့စည်းကမ်းဆိုတာထက် သံယောဇဉ်အနားသတ်ကို ဘယ်ဆောင်ဓါးနဲ့မှဖြတ်လို့မရဘူးကွဲ့

။အခြေရှိလူတန်းစားတွေ သတ်မှတ်ကြတဲ့ အခြေမဲ့လူတန်းစားတွေရဲ့ ဖေးမကူညီမှုနဲ့ သစ္စာတရားမှာ

ဘာလှည့်ဖြားမှုမှမပါခဲ့ပါဘူးကွယ်။တစ်နေ့ကိုဆူးတစ်ချောင်းအစိုက်ခံရင်း………………………………….. မျှော်လင့်ချက်ကိုရေလောင်းပေါင်းသင် ….ကဲမင်းဘယ်လိုချိုစေချင်သလဲ။စဉ်းစားပါချစ်သူ စဉ်းစားပါ။

နင့်အတွက်နားရွက်တစ်ဖက်ဖြတ်မပေးနိုင်ပေမဲ့ ငါ့လက်နှစ်ဖက်နဲ့ နင့်ကျောကရန်သူကိုဓါးနဲ့ပိုင်းပြီး

နင့်ရှေ့ကမြှားကို ဒိုင်းနဲ့ကာပေးမယ်။မင်းကိုမှဲ့တစ်ပေါက်လောက်စွန်းမဲ့အရာမှန်သမျှကို အဏုမြူဗုံး

ထက်ငါကြောက်တယ်။မင်းလိုအပ်တဲ့အခါ ဖနှောက်ပေါက်ပြီးခေါ်လိုက်ပါ……ချစ်သူ။

ဒါငါ့သစ္စာတရားပါပဲ……….

ရောင်းတန်းမ၀င်တဲ့အလေ့ကျပေါက်ပင်က

ပန်းခူးလက်ကိုမျှော်သလိုပေါ့

ငါမိုးကိုဆန့်တန်းခဲ့တာပါ…………………..

မမှီမကမ်းမို့ထင်ပါရဲ့…..

ဆက်သွယ်မှုဧရိယာပြင်ပကိုရောက်နေခဲ့။

PS: ကဲ မင်းစိတ်ပါတဲ့တစ်နေ့ ပြန်စာရေးပါ ချစ်သူ………………………………….။

(ကျေးတော်မျိုး)

Tuesday, May 11, 2010

ခြေကျင်းဝတ်များအား တော်လှန်ခြင်း

ခြေကျင်းဝတ်များအား တော်လှန်ခြင်း

 

            မျက်တောင်တစ်ချက်ခတ်ခြင်းရဲ့အဆုံးမှာ မြက်တွေအတောင်ပံခတ်ပြီး ပျံမသွားခဲ့ကြဘူး။ ကြက်ခြေခတ်တစ်ခုကို အမှားသင်္ကေတလို့ သတ်မှတ်မယ်ဆို အသက်သေဆုံးသူတွေရဲ့ မြေပုံပေါ်က မှတ်တိုင် (သို့တည်းမဟုတ်) လက်ဝါးကပ်တိုင်တွေက အကဲခတ်ဆုံးဖြတ်မှုတွေလား? ။ ဘယ်လောက်ပဲ ကောက်ကွေ့တဲ့မြစ်ဖြစ်ပါစေ ပင်လယ်ရှိရာတော့ သွားတတ်ကြသေးတယ် ။ သူ့စီးဆင်းမှုအပေါ်မှာ စီးစမ်း ဆင်းစမ်းလို့ တစ်ကြိမ်တစ်ခါမျှ မအော်ဟစ်ခဲ့ပါဘူး။ တိမ်တွေရွေ့တယ် . . . ရွေ့တယ် . . . ရွေ့တယ် . . . တစ်ခါတစ်လေ ရပ်တန့်ခဲ့သည့်တိုင် ခြေထောက်ညောင်းတယ်လို့ မဟစ်ကြွေးခဲ့ပါဘူး။ (တိမ်မှာ ခြေထောက်ပါ/မပါ တစ်ကိုယ်တည်း ငြင်းဆန်ခွင့်ပေးတယ်) ။ အရောင်ရောစပ်မှု ၊ အတောင်ပံတပ်ပေးမှု ၊ လူကုန်ကူးမှု ၊ ဖိနပ်မှားစီးမှုတွေဟာ သင်နှင့်သာသက်ဆိုင်ကြောင်းလို့ ခေါင်းစဉ်တပ်မယ် (ဒီအသရေဖျက်မှုဟာ တာဝန်ယူခြင်း ပါရှိတယ်) ။ ဆွဲဆောင်မှုအားကောင်းကောင်းနှင့် ရောင်းတမ်းမ၀င်တဲ့ ကြေငြာတွေအစား ကမ္မဌာန်းတရားကိုရှုမယ်။

            အဓိပ္ပါယ်တစ်ခုဆိုတာ သတ်မှတ်ချက်နဲ့အညီလို့ လက်ခံထားနေသရွေ့တော့ သင်ဟာ တရားတော်နဲ့မကိုက်ညီသူဖြစ်တယ်။ အတ္တဆိုတာ လိအပ်သလိုဆေးရောင်ခြယ်ထားတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ သင်တွေ့နေသမျှ၊ကြားနေသမျှ အဲဒါ အယူအဆမဟုတ်ဘူး။ တဖြောင့်တည်းစီးဆင်းမယ့်မြစ်တစ်စင်းကို ကျွန်တော်တို့ တူးဖော်နေကြပါတယ်။ ထို့ကြောင့် သင့်မျက်ရည်စက်များ ပါဝင်လှူဒါန်းနိုင်ပါတယ်။ ကျွန်တော်တို့ ထမင်းရည်ပူစည်းမနင်းပါဘူး။ ငှက်ဖြစ်တိုင်း မပျံသန်းတတ်ကြကြောင်းကို ပင်ဂွင်းငှက်တို့က သက်သေ ၊ သာဓက ပြည့်စုံစွာညွှန်းဆိုထားပါတယ်။ သင်သည် သင့်ကိုယ်သင် ဖြူစင်သည်ဟု အထင်ရှိနေပါက ထိုပင်ဂွင်းငှက်တစ်ကောင်ထံသွားပြီး ဒိုဘီအပ်ရန် သတိရပါ။ ကဗျာဆိုသော ခေါင်းစဉ်အောက်တွင် ကပြာကယာအပြုံးများ မရှိကြောင်း ယထာဘူတကျစွာ ကြုံမှသိရပါလိမ့်မယ်။ ထို့ကြောင့် သင်သည် ပြုံးတတ်သူ ဖြစ်/မဖြစ်သည် ဆိုခြင်းထက်ပိုသော ထောက်ခံစာတစ်စောင်လိုအပ်ပါတယ်။ သို့သော် စာလုံးများ ၊ မှင်များသာ ပေစွန်းနေသော စက္ကူတစ်ရွက်မဖြစ်ရန် အထူးသတိပြုပါ။ မိမိကိုယ်မိမိ မြင့်သည်ထက်မြင့်အောင် ခုံးမောက်ပြနေသော တောင်တန်းများ ဒီလွင်ပြင်ဒေသမှာမရှိပါ။ ဒီနေရာသည် လွင်ပြင်တစ်ခုသာ ဖြစ်ပါတယ်။ တသမတ်တည်း ပြန့်ပြူးညီညွတ်သော လွင်ပြင်တစ်ခုသာဖြစ်ပါတယ်။

            အသားစားသောနွားများ မရှိပါဆိုခြင်းထက် နွားများ အသားမစားပါဟုဆိုလျှင် သင်ငြင်းပိုင်ခွင့်ရှိသည်။ နားရွက်တိုများ၏ အလိုဆန္ဒအား နားရွက်ရှည်တို့ ကုသိုလ်ပြုခဲ့ဖူးသည်။ ဟန်မဆောင်တတ်ဟန်ဆောင်ခြင်းပညာဖြင့် အသက်မွေးဝမ်းကျောင်းခြင်းအပေါ် လူတကာလက်ခုပ်တက်တီးကြ၏။ သူမသာ ၊ ကိုယ်အသုဘဆိုတာထက် သူတင် ၊ကိုယ်တင် ရင်ခုန်သံများနှင့်အတူ ကျွန်တော်တို့ စည်း၊၀ါး နင်းကြသည်။ ကကြိုးတွင် ပန်းပန်မထားပါ။ ဆူးမရံထားပါ။ ခုနစ်လွှာကခြေသည်၏အိပ်မက်အား  မြူဆွယ်ခြင်းထက် ၊ လိင်ဆက်ဆံရေးအား အသားပေးခြင်းထက် ၊ ဖိုမ အင်္ဂါနှင့်သီကျူးသော သီချင်းတစ်ပုဒ်ထက် ကျွန်တော်တို့ ပိုမက်ခဲ့သော မြေစိုင်ခဲတို့သည် ဗီတာမင် (လုံးဝ) ချို့တဲ့နေပေသည်။ မရှိ/အရှိ တရားတော်များအား နားဖြင့်သက်သက်သာကြားပြီး နှလုံးမသွင်းတတ်သောခွေးအများထက်စာလျှင် ကျွန်တော် ချိုချဉ်တစ်လုံးနှင့် နပန်းသတ်တမ်းကစားချင်သည်။ သင့်ကိုယ်သင် ဖြူစင်သည်ဟုဆိုလျှင် ကျွန်ုပ်သည် အရောင်အစွန်း အထင်းသားရှိသေးသည်။

            ‘ဒီအရာတွေ အားလုံးပြီးဆုံးသွားပြီ’ တဲ့ ။ သင်ကိုယ်တိုင် ဒီအရာတွေကို အသစ်က ပြန်စချင်နေသည်ဆိုလျှင်တော့ ပြီးဆုံးသွားပါလိမ့်မယ်။ ရှိ/မရှိခြင်းဟာ အပိုင်းကိန်းတစ်ခုသာ ဖြစ်ပါတယ်။ ကြားထဲတွင် မျဉ်းကြောင်းတိုလေးပဲ ခံနေခဲ့တာပါ။ ရှေးထုံးကို ပယ်ချင်ပယ်ပါ။ ဒါပေမယ့် သင် ဈေးသုံးမကြွယ်ပါနဲ့။ မည်သည့်ကိစ္စမဆို အဆက်အစပ်မဲ့ခြင်းမရှိကြပါ။ လက်ခံထားသမျှအရာတိုင်းဟာ ချိတ်ဆက်ထားကြောင်း သင်ကိုယ်တိုင် ရေလောင်းပေါင်းသင်ပါ။ တစ်ခုလောက်ပြောပါရစေ။ ‘ သင် ဓားတစ်လက်ကို အစိမ်းသက်သက် မြိုချရဲပါသလား ‘ ။ ကမ်းပါးတစ်ခုသာ ဆုပ်ကိုင်ထားလျှင် သင်၏မြဲမြံခြင်းသည် အဝေးဆုံးသို့ ရောက်ရှိသွားပေလိမ့်မည်။ လွတ်လပ်ခြင်းအနုပညာသည် သင်မှန်းခဲ့သလောက် မနီးစပ်ခဲ့ပါ။ လွတ်လပ်သူမှန်သမျှသည် လွတ်လပ်ခြင်းကိုသာ ဆုပ်ကိုင်ထာဲးပသူများဖြစ်၏။ မမြဲခြင်းသဘောတရားသည် မြဲမြံစွာဆုပ်ကိုင်ထားရန် လိုအပ်ကြောင်းနားလည်ပါ။ သင်သည် လွတ်လပ်သော  မြဲမြံခြင်းကို ရေရာစွာနားလည်ပါပြီလား။ ကျွန်တော် နားမလည်ပါ။ လွတ်မြောက်မှုကို သင်ရင်ဆိုင်တွေ့ချိန် လက်ဝါးကပ်တိုင်တစ်ခုက အသင့်စောင့်ကြိုနေပါလိမ့်မည်။ အပေါင်းလက္ခဏာဆန်သည်။ သို့သော် နှုတ်ထွက်သွားရန်လိုအပ်သည်။ ယုတ်လျော့မှုတစ်ခုအား အကောင်းမြင်ဝါဒီဖြင့် ကြည့်ခြင်း (သို့တည်းမဟုတ်) အကောင်းစားမျက်မှန်တစ်လက်နှင့် မြေပုံမှတ်တိုင်အားရှုမြင်ခြင်းဖြစ်သည်။

            ‘လွှတ်ချလိုက်’ ဟု ကျနော့်ကို ရထားကြီးကပြောတယ်။ ‘ဆုပ်ကိုင်ထားပါ’ လို့ ချောက်ကမ်းပါးကြီးက ဆိုတယ်။ ရထားတစ်စင်းထက် ချောက်ကမ်းပါးရဲ့အစွယ်တွေက တဖွေးဖွေးလက်လို့။ ခေါင်းငုံ့ပြီးလမ်းဖြတ်ကူးသူ ၊ ခေါင်းမော့ပြီး လမ်းလျှောက်နေသူ ဆုံတွေ့လို့များတိုက်မိရင် ဘယ်သူအရင်သေမလဲ။ ကျနော်သည် ကိုယ်ရည်သွေးတတ်သော သွားပွတ်တံများအား မုန်း၏။ သွားကြားမှ အစာဟောင်းများထုတ်ပစ်ချင်သည်ဟုဆိုလျှင် ‘တောက်’ တစ်ချက်ခတ်ပြီး ဖနောင့်သုံးချက်ပေါက်ပါ။ (လူကြီးမင်းတို့၏ တစ်ကိုယ်ရည်သန့်ရှင်းမှုအား တာဝန်ယူဆောင်ရွက်ပေးပါသည်)။ ဟုသော ကြေငြာအား ရုပ်မြင်သံကြားလှိုင်းများမှ မလွှင့်ပါ။ လက်ခံသူမဲ့နေသောအမှန်တရားသည် မိဘမဲ့ လမ်းဆုံလမ်းခွသာဖြစ်၏။ ထိုနည်းတူလည်းကောင်းတူစွာ အမှန်တရားအား လက်မခံသောသူသည် သူတောင်းစားတစ်ယောက်လက်ထဲမှ ခွက်တစ်လုံးနည်းတူပေ။ ယူချင်သည်ထက် အပေးအကမ်းနည်းပါးခြင်းသည် မိမိကိုယ်မိမိ အကြမ်းဖက်ခြင်းသာဖြစ်သည်။ ယနေ့ မျက်မှောက်ခေတ်ကာလတွင် ထွန်းကားလာသော အကြမ်းဖက်ယဉ်ကျေးမှုအား ကျနော်တို့ တော်လှန်ကြပါစို့ ။

 

 

(ကျေးတော်မျိုး)                                                                            (ရိုးရာ)

www.kyaytawmyo.web.com                                  www.yoeyarpoet.co.cc