Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, June 23, 2010

သို့ . . . ကမ္ဘာမြေ

သို့ . . . ကမ္ဘာမြေ

သို့ . . . ကမ္ဘာမြေ

သင်နေကောင်းရဲ့လား

ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြားမှာ

သင့်အသက်ရှူသံတွေ ပါးဖျော့သွားသလိုပဲ

ကျန်းမာရေးကိုဂရုစိုက်ပါကမ္ဘာမြေ။

သင်ဝတ်ထားတဲ့ အင်္ကျီက

ဆွေးရိပြဲကျနေပြီ

အဲဒါ ဖာထေးဖို့တော်တော်ခက်တယ်

ခုထိလည်း ဘာအပ်နဲ့ချုပ်ရမလဲမသိသေးဘူး

သင့်ကိုယ်ပူချိန်က တော်တော်မြင့်နေပြီကမ္ဘာမြေ

ဆေးခန်းလေးဘာလေးလည်းပြပါဦး

ဆေးသောက်သင့်လည်းသောက် ဆေးထိုးသင့်လည်းထိုးပေါ့။

သင့်အသားအရည်ဟာ အရင်လိုမစိမ်းလန်းတော့ဘူး

တဖြည်းဖြည်းနဲ့ ကန္တာရဆန်လာတယ်

သင့်ကိုယ်ထဲကသွေးတွေလည်း တဖြည်းဖြည်းခန်းခြောက်လာတယ်ကမ္ဘာမြေ

သင်အအေးမိနေသလား ။

ဖြစ်နိုင်တာပေါ့

သင့်ကိုယ်ထဲကပိုးမွှားတွေက သစ္စာမရှိကြဘူးလေ

အစာအဟာရ မျှတအောင်စားပါကမ္ဘာမြေ။

နွေးနွေးထွေးထွေးနေပါ ကျန်းမာရေးလိုက်စားပါ အိပ်ရေး၀၀အိပ်ပါ

ကျန်းမာရေးကိုဂရုစိုက်ပါ ကမ္ဘာမြေ။

သင် . . . နေကောင်းပါစေ။

Sunday, June 6, 2010

အသဲကွဲဖတ်စာ


နာကြည်းမှု အမြစ်တွယ်နေတဲ့

လွင်ပြင်တစ်ခုရဲ့ အသက်ရှူသံအဆုံးမှာ

တိတ်ဆိတ်မှု မလုံမလဲလေးနဲ့ 

နေပူမှာ စောင့်နေတဲ့ သစ္စာတရား ကို

လက်ထိပ်တန်းလန်းနဲ့ တွေ့ လိုက်တယ် ။



ခရမ်းရောင် ပွင့်ဖတ်တွေနဲ့ 

အိပ်ရေးပျက်နေတဲ့ အိပ်မက်တွေကပဲ

အထီးကျန်နေတဲ့ အခန်းအတွက်

ဥယျာဉ်တစ်ခြမ်းစာ ပွင့်ဝေတယ် ။



ဟိုနားက … လျှောက်လမ်းလေးမှာ …

ဝက်သစ်ချပင်ကြီးရဲ့ အောက်မှာ …

မီးလင်းဖို ဘေးနားမှာ …

စံပယ်ရုံလေးဘေးနားမှာ …

(အခု ရှိမနေတော့ဘူး) ။



“သူမ” နှလုံးသားကို

သိုးယောင်ဆောင်ထားတဲ့ လောကဓံက

အသပြာ အသားတံဆိပ် ခပ်နှိပ်သွားတယ် ။



ကြိုးမိန့် ကျနေတဲ့...

ရာသီဥတုတွေက

ဆေးရုံပြတင်းပေါက်တွေရဲ့ မျက်နှာထားမျိုးနဲ့ ...

အစာ မပါတဲ့ ငါးမျှားချိတ်ကိုင်ပြီး

ပြက္ခဒိန်မှာ မနက်ဖြန် ကိုမျှားတယ် ။




ကိုယ့်မှာ....

အိမ်ပြန်ဖို့ သော့မရှိဘူး

အဲ့ဒါနဲ့ …..ဖိနပ်အသစ်ဝယ်စီးလိုက်မိတယ် ။




ရင်ခွင်ရှိန်း

Wednesday, June 2, 2010

ကျနော့်ရဲ့ ခေါင်းစဉ်

အဖေရေ. . .

ခုမှအတောင်ပေါက်တာဆိုပေမယ့်

ပင်လယ်ကိုမှဖြတ်ပျံချင်ခဲ့တာ

သားနည်းနည်းလွန်တာပေါ့ဗျာ။



ဘာပဲဖြစ်ဖြစ်. . .

အတောင်တစ်စုံရဲ့ကျေးဇူးတော်အတွက်

သားကတော့

ပျံပြချင်သေးတယ်အဖေ။



အဖေရယ် . . .

အဖေ့မျက်နှာပေါ်ကအရေးအကြောင်းကို

ရှေးဟောင်းကျောက်စာတစ်ချပ်ဖတ်ရသလိုမျိုး

နားမလည်တတ်ခဲ့တာ

သားဝန်ခံပါတယ်။



အဖေစဉ်းစားကြည့်ပါ

ကိုယ်ပိုင်အလင်းထက်ပိုပြီး

ဘယ်တစ်စုံတစ်ရာကမှ

မီးစုန်းတောက်မပြနိုင်ဘူးမဟုတ်လား။

လက်မထောင်ပြီးး

ခေါင်းငြိမ့်ပြပါအဖေ

သားဆက်မိုက်ပါရစေ

သမုဒ္ဒရာတွေဘယ်လောက်နက်သလဲဆိုတာ

သားမှမသိရသေးတာ။



ဒါတော့ဒါပေါ့အဖေရယ်

ချော်မလဲပဲလမ်းလျှောက်တတ်ရင်

အနာရွတ်ဘယ်ထင်ပါ့မလဲ

ဒီတစ်ခါလည်း ပြုံးပြုံးလေးကြည့်နေပေးပါအဖေ။



မလိမ္မာရင်

တစ်ခါပဲမိုက်တယ်အဖေ

လိမ္မာသွားရင်တော့

အခါခါမိုက်တတ်လာတယ်။



တစ်ခုတော့ရှိတာပေါ့ဗျာ

ကျနော်ဆိုတဲ့ခပ်ညစ်ညစ်စာတစ်ရွက်မှာ

အဖောဟာခေါင်းစဉ်တစ်ခုပါပဲအဖေ

ဒီတစ်ခုတော့

သေချာပါတယ် အဖေ ။ ။

Tuesday, May 18, 2010

သတိပေးတားမြစ်ချက်

သတိပေးတားမြစ်ချက်

တစ်ခုလောက်မှာပါရစေ

ဒီကဗျာကိုဖတ်တော့မယ်ဆိုရင်

မျက်နှာသစ်ထားစေချင်ပါတယ်

မျက်ချေးပေနေတဲ့မျက်ဝန်းတွေနဲ့ဖတ်ရင်

ဒီကဗျာကလည်းညစ်ပတ်ချင်ညစ်ပတ်နေလိမ့်မယ်

ဒါကြောင့် မျက်နှာအရင်သစ်ပါ။

ဒီကဗျာကိုကောက်ကိုင်တော့မယ်ဆိုရင်

လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးပါ

မည်းပေနေတဲ့လက်နဲ့ကိုင်ရင်

ဒီကဗျာဟာလည်း ဗိုင်းရပ်စ်တွေဘက်တီးရီးယားတွေပါချင်ပါနေလိမ့်မယ်

ထို့အတွက် လက်အရင်ဆေးပါ။

ဒီကဗျာကိုဝတ်ဆင်တော့မယ်ဆိုရင်

ရေအရင်ချိုးပါ။

ချွေးနဲ့တွေနဲ့ပေလူးနေရင်

ဒီကဗျာဟာလည်းနံစော်ချင်နံစော်နေလိမ့်မယ်

ဒီအတွက် ရေအရင်ချိုးပါ

ဒီကဗျာကိုတက်နင်းတော့မယ်ဆိုရင်

ခြေအရင်ဆေးပါ။

နင်းချင်ရာနင်းထားတဲ့ခြေထောက်နဲ့ဆိုရင်

ဒီကဗျာဟာလည်း ဖြစ်ချင်ရာဖြစ်သွားလိမ့်မယ်

သို့ဖြစ်ပါသောကြောင့်ခြေအရင်ဆေးပါ။

အထက်ပါကိစ္စများဆောင်ရွက်ပြီးစီးပါက

ဒီကဗျာအား . . .

လုပ်ချင်ရာလုပ်နိုင်ပါပြီ။

Sunday, May 16, 2010

မေလ၏ဖြတ်စများ

မေလ၏ဖြတ်စများ



စိတ်လေသူ ညနေက
မြင်းကုန်းနှီးပေါ်ကို တက်သွားပြန်ပြီ ။


တိတ်ဆိတ်မှုရဲ့ နှုတ်ခမ်းတွေ ကြမ်းရှ
"သူမ" ဆံနွယ်ခက်တွေ လွင့်ဝဲနေပါစ ။


ပြန်ရုတ်လိုက်တဲ့ ငါးမျှားတံတစ်ချောင်းလို
အပြာရောင်ဆန်စွာ အသိမ်းယူခံလိုက်တယ်
ဒီတစ်နှစ်ပတ်လုံး မတောင်းခဲ့တဲ့ ဆုက
မိုးသံလေသံ နဲ့  လာတယ် ။


သံပတ်ပျက်သွားတဲ့ အခန်းက
နံရံတွေ မွေးတယ်
ကိုယ်ကတော့ ခိုတွေကိုပဲ အစာမှန်အောင်ကျွေးနေလိုက်တယ် ။ ။


ရင်ခွင်ရှိန်း

Wednesday, May 12, 2010

ရုပ်သေ













ရုပ်သေ


ကြားနေကျ မဟုတ်တဲ့ အနံ့ များနဲ့ 
လျှာဟာ နားပင်းသွားတယ် ။


တိတ်တိတ်လေးယူလာတဲ့ ပုလင်းတစ်လုံးထဲမှာ
လွန်ခဲ့သောနှစ်ငါးဆယ် ...
မျက်စောင်းတစ်ခုနဲ့  ....
ထိုင်နေကျခုံတစ်လုံး ...
နံရံပေါ်က နံပါတ်အသေ၊စာရွက်အသေပေါ်မှာ
ရှင်နေသေးတာကို တွေ့ လိုက်တယ် ။


စကားလုံးတွေနဲ့ မသင့်မြတ်တော့လို့ 
"သူမ" ထီးကိုပိတ်ပစ်လိုက်တယ်
ပြီးတော့လည်း ...
အကြမ်းတမ်းဆုံး ညင်သာမှုနဲ့ 
မိုးစက်တွေကို သတ်ပစ်လိုက်တာပါပဲ ။


အဲ့ဒီနေရာမှာပဲ ...
တိတ်ခွေဟာအသက်ရှူရပ်နေတယ် ။ ။


ရင်ခွင်ရှိန်း

Tuesday, May 11, 2010

သူတောင်းစားပျောက်သွားတဲ့ ခွက်

ငါ့ကိုယ်ငါမေ့ဖို့အတွက်
မျို . . . ချ . . . ခဲ့ . . . ရ
ငါ့ကိုငါတွေ့ဖို့အတွက်
အန် . . . ထွေး . . . ခဲ့ . . . ရ
အသားမကျတဲ့ညက စေးကပ်ကပ်နဲ့
ဖွယ်တယ်တယ်လဲ နိုင်တယ်
ခန်းစီးစတွေက ကက်သရင်ဇီတာဂျုန်းရဲ့ စကတ်တိုလို
ဝဲလိုက် ခါလိုက်
သူ့မိုက်ဂုဏ်နဲ့သူ ငြူစူတင်းမာ
ရုန်းထွက်ရခက်တဲ့ ကျော့ကွင်းထဲ
လက်ထိပ်ခတ်ပြီးဝင်ထိုင်ချ
လမ်းဘေးပလက်ဖောင်းတွေ ၊ ရေနွေးအိုးတွေ
အကြမ်းပန်းကန်တွေ ၊ ကျရည်ခပ်ပြင်းပြင်းတွေ
တစ်ခုမှ အလင်းမတွေ့ရဘူ . . . .
ကိုယ့်အမိုက်တိုက်နဲ့ကိုယ်
လကွယ်ညထဲ ကျွဲပြဲကြီးစီးလို့
ဆွတ်ဆွတ်မှောင်ဖို့အရေး မီးသွေးခဲနဲ့သွားတိုက်
ကြာညိုနံ့တွေ တဟားဟားနဲ့ပေါ့ . . . . .
ကန်တော့ပါသေးရဲ့ကွယ်. . . . . . . လို့ဆိုတဲ့
ချဉ်ပေါင်ရွက်သည်ကိုနှာခေါင်းရှုံ့ပြီး
သန်းကြွယ်သူဌေးမကြီးက စလင်းဘက်အိတ်ဖွင့်
မြန်မာငွေငါးကျပ်တိတိနဲ့ နိဗ္ဗာန်ပို့ပေးပါတဲ့
တစ်နေ့တာ အမြင်တုတွေထဲ ပြန် ပြန်ရောက်သွား
ငါ. . . . . . . . . . . . . . . . .
နဖူးကို အသာစမ်းရင်း ရင်တထိတ်ထိတ်နဲ့
ရင်ဘတ်ကိုပြန်ဖိ
“အင်း” . . . .
သက်ပြင်းချသံတစ်ခုနဲ့ ဇလုံးဗထွေးနဲ့လိမ့်ဆင်း
ငါ. . . . . . . . . . . . . .
. . . . . . . . . . . . . . . .
ဆက်သွယ်လို့ရပါသေးတယ်ဟ .. . . .. … .
ခင်ဗျား . . . . . အမြင်
ကျုပ် . . . . . အမြင်
သူ့ . . . . . . . . အမြင်
ငါ့. . . . . . . . အမြင်
နေ၀င် - နေထွက်/ နေထွက် - နေ၀င်
ဘာနဲ့အရင်စခဲ့သလဲ
မလိုအပ်တဲ့ဇီဇာကြောင်မှုတွေကို
ဘာတစ်ခုမှ အသုံးမ၀င်ပစ္စည်းတွေနဲ့
တစ်ယောက်တည်းအော်ပရာဝင်
နှစ်ပါးခွင် ၊ ပျက်လုံးထုတ်
နောက်ဆုံးတော့လည်း နောက်ဆုံးပေါ့
အသစ်စချင်ရင် စခွင့်ပေးတယ်
ကိုယ်လုံးပေါ်မှန်ရှေ့ရပ်နေတဲ့အတိတ်က
ဗလာကိုယ်ထီးနဲ့ တည်တည်ကြီးရပ်လို့
မြန်နှုန်းမြင့် အတ္တတွေကို ကားယားကြီးခွ
ဘယ်ညာဇက်ကြိုးတပ်ပြီး
တက်ကလုပ် ၊ တက်ကလုပ် ၊ တက်ကလုပ်
အဟုတ်အံ့သြဖို့ကောင်းတာ
ငါ့အပြန်ခရီးမှာ ဘာမှမပါခဲ့ပါလား

(ကျေးတော်မျိုး)

ပန်း ပွင့် အ သေ များ

ပန်း ပွင့် အ သေ များ



ဒဏ်ရာရနေတဲ့ရထားတစ်စင်းလို

ကိုယ့်အော်သံက မကွဲပြားခဲ့ပြန်ဘူး

နစ်နာကြေးတစ်ခုလို ရလိုက်တဲ့ အသံအပျက်တွေရယ်

ဖန်တစ်ရာထပ်အောင်ခေါ်ဖူးတဲ့ နာမည်တစ်ခုရယ်

စင်ပေါ်မှာသေချင်ယောင်ဆောင်ရတဲ့ ဒုတိယမင်းသားတစ်ယောက်လိုပဲ

သက်သက်အောင့်ထားရတဲ့အသက်က

အောင့်သက်သက်တော့ဖြစ်သား ။



အသံတိတ်ည ကိုဆွဲခွာတော့

ကော်ဖီတစ်ခွက်က ကိုယ့်ကိုသောက်သွားတယ်

ခြောက်ခြားလိုက်တာ ……..

စကားဝါပွင့်သံကြားရတော့

ဝင်ရိုးစွန်းမှာညပ်နေတဲ့ ကိုယ့်လက်ချောင်းတွေက စာမပြန်ခဲ့ဘူး ။



ပင့်ကူအိမ်ထဲက ဆင်းလာတဲ့ နွေရဲ့ ဦးခေါင်းခွံမှာ

ခရမ်းရောင်ကျည်ဆံတစ်တောင့်နဲ့ 

အကောင်းစား မိတ်ကပ်နံ့ တွေပါလာခဲ့တယ် ။



အမြတ်ပဲ …

ခေါင်းတလားတစ်လုံးထဲမှာ

ကိုယ့် အိမ်မက်တွေကို ပြန်ရလိုက်တယ်

သွေးမတိတ်သေးတဲ့ နေ့ စွဲတစ်ခုဟာ

လက်ဗွေရာတစ်ခုနဲ့ အကင်းမသေသေးခဲ့ပြန်ဘူး ။



ဟော …

ဘယ်ဘက်ရင်အုံက ခိုတစ်ကောင်

လျှပ်စစ်မျှင်ကြိုးတွေနဲ့ ထပြန်သွားပါပြီ ။ ။



ရင်ခွင်ရှိန်း