ပန်း ပွင့် အ သေ များ
ဒဏ်ရာရနေတဲ့ရထားတစ်စင်းလို
ကိုယ့်အော်သံက မကွဲပြားခဲ့ပြန်ဘူး
နစ်နာကြေးတစ်ခုလို ရလိုက်တဲ့ အသံအပျက်တွေရယ်
ဖန်တစ်ရာထပ်အောင်ခေါ်ဖူးတဲ့ နာမည်တစ်ခုရယ်
စင်ပေါ်မှာသေချင်ယောင်ဆောင်ရတဲ့ ဒုတိယမင်းသားတစ်ယောက်လိုပဲ
သက်သက်အောင့်ထားရတဲ့အသက်က
အောင့်သက်သက်တော့ဖြစ်သား ။
အသံတိတ်ည ကိုဆွဲခွာတော့
ကော်ဖီတစ်ခွက်က ကိုယ့်ကိုသောက်သွားတယ်
ခြောက်ခြားလိုက်တာ ……..
စကားဝါပွင့်သံကြားရတော့
ဝင်ရိုးစွန်းမှာညပ်နေတဲ့ ကိုယ့်လက်ချောင်းတွေက စာမပြန်ခဲ့ဘူး ။
ပင့်ကူအိမ်ထဲက ဆင်းလာတဲ့ နွေရဲ့ ဦးခေါင်းခွံမှာ
ခရမ်းရောင်ကျည်ဆံတစ်တောင့်နဲ့ 
အကောင်းစား မိတ်ကပ်နံ့ တွေပါလာခဲ့တယ် ။
အမြတ်ပဲ …
ခေါင်းတလားတစ်လုံးထဲမှာ
ကိုယ့် အိမ်မက်တွေကို ပြန်ရလိုက်တယ်
သွေးမတိတ်သေးတဲ့ နေ့ စွဲတစ်ခုဟာ
လက်ဗွေရာတစ်ခုနဲ့ အကင်းမသေသေးခဲ့ပြန်ဘူး ။
ဟော …
ဘယ်ဘက်ရင်အုံက ခိုတစ်ကောင်
လျှပ်စစ်မျှင်ကြိုးတွေနဲ့ ထပြန်သွားပါပြီ ။ ။
ရင်ခွင်ရှိန်း
No comments:
Post a Comment